ရုတ်တရက် ဝှေးစေ့အောင့်တဲ့အခါ သက်သာအောင် ဘယ်လိုလုပ်မလဲ
ဝှေးစေ့ဆိုတာ အမျိုးသားလိင်အင်္ဂါအောက်မှာ ဆက်စပ်နေတဲ့ ကပ္ပါယ်အိတ်ထဲက ဥပုံသဏ္ဍာန်ရှိတဲ့ မျိုးပွားအင်္ဂါကို ခေါ်တာပါ။ နည်းနည်းလေးထိခိုက်မိရုံနဲ့ ဒဏ်ဖြစ်သွားနိုင်လောက်တဲ့အထိ နူးညံ့လွန်းတဲ့ အစိတ်အပိုင်းဖြစ်လို့ သေချာဂရုစိုက်ပေးဖို့တော့ လိုပါတယ်။
ဘယ်လိုအချိန်မှာ ဝှေးစေ့အောင့်တတ်လဲ။
အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ လေ့ကျင့်ခန်း လုပ်တဲ့အခါ အလေးအများကြီးနဲ့ အောက်ပိုင်းထိုင်တာ၊ အားကစား အပြင်းအထန်လုပ်တာ၊ ကျပ်လွန်းတဲ့အတွင်းခံများကို တစ်နေကုန်ဝတ်ထားတာအပြင် ဆီးလမ်းကြောင်းပိုးဝင်တာ၊ အူကျတာ၊ ဝှေးစေ့ရောင်တာ၊ ပိုးဝင်တာ၊ Chlamydia လို့ခေါ်တဲ့ လိင်မှတစ်ဆင့် ကူးစက်ခံရတဲ့ ရောဂါတွေကြောင့် ဝှေးစေ့အောင့်တတ်ပါတယ်။ တစ်ခါတလေ အကြောင်းရင်းမရှိဘဲနဲ့လည်း သူ့အလိုလို ဝှေးစေ့အောင့်တာမျိုးတွေ ရှိပါတယ်။
ဆရာဝန်နဲ့ ပြဖို့လိုအပ်လား။
ဝှေးစေ့အောင့်ရုံတစ်ခုပဲ ဆိုရင်တော့ အောင့်တဲ့ လက္ခဏာကို ကိုယ့်အိမ်မှာပဲ အလွယ်တကူသက်သာအောင် လုပ်ပေးလို့ရပါတယ်။ တခြားရောဂါလက္ခဏာတွေဖြစ်တဲ့
• ကိုယ်ပူပြီး အဖျားတက်တာ
• ခြေလက်တွေ ချမ်းတုန်ပြီး ကိုက်ခဲလာတာ
• လိင်အင်္ဂါထိပ်ကနေ ပုံမှန်မဟုတ်တဲ့ အရည်များ ယိုစိမ့်နေတာ
• ဝှေးစေ့ကို စမ်းကြည့်တဲ့အခါ အဖုအလုံး၊ အကျိတ်များရှိနေတယ်လို့ ခံစားမိတာ
• မခံမရပ်နိုင်အောင် ဝှေးစေ့အောင့်တာဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။
ဝှေးစေ့အောင့်ခြင်းအတွက် သက်သာစေမယ့် နည်းလမ်းများ
၁။ ရေချိုးတဲ့အခါ ရေနွေးနွေးနဲ့ ချိုးပေးတာ သို့မဟုတ် နာရီဝက်ခန့် ရေနွေးစိမ်တာမျိုး လုပ်ပေးလို့ရပါတယ်။ ပူလွန်းတဲ့ရေကိုတော့ ရှောင်ပေးပါ။
၂။ တစ်ရက်ကို ၂-၃ ကြိမ်ခန့် ဝှေးစေ့ပတ်လည်ကို ရေခဲဝတ်ကပ်ပေးပါ။ အဝတ်သန့်သန့်ကို ရေအေးမှာစိမ်ညှစ်ပြီး ကပ်လို့လည်း ရပါတယ်။
၃။ အိမ်မှာနေရင် ပုဆိုးပဲဝတ်အိပ်ပါ၊ အတွင်းခံမဝတ်ပါနဲ့။
၄။ ညအိပ်တဲ့အခါ ဝှေးစေ့က အောက်ကို တွဲကျနေတာမျိုး မဖြစ်စေဖို့ မျက်နှာသုတ်ပဝါတစ်ထည့် ဝှေးစေ့အောက်မှာ ခံထားပေးပါ။
၅။ အပြင်သွားတဲ့အခါ အတွင်းခံဝတ်ပါ။ ချောင်လွန်းတဲ့၊ ကျပ်လွန်းတဲ့ အတွင်းခံမျိုးထက် ကိုယ့်ပစ္စည်းကို ကျကျနန ထည့်ထားလို့ရပြီး အံဝင်ခွင်ကျဖြစ်မယ့် အတွင်းခံဆို ရပါပြီ။
၆။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အလေးနည်းနည်းလျှော့ပါ။ ဝှေးစေ့အောင့်နေတဲ့ကာလအတွင်း အောက်ပိုင်းထိုင်တာ ရှောင်ပေးပါ။
တစ်ပတ် သို့မဟုတ် ၁၀ ရက်လောက်ထိမှ နာကျင်တာ မသက်သာဘူးဆိုရင်တော့ သင့်တော်တဲ့ အမျိုးသားရောဂါကုဆရာဝန် သို့မဟုတ် ဆီးလမ်းကြောင်းဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ အကြံပေးချင်ပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်